ဤစာမျက်နှာကို ၂၅/၅/၂၀၂၀ နေ့တွင် နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ပါသည်။ ယင်းနေ့စွဲနောက်ပိုင်း ပြင်ဆင်ချက်များကို ကြည့်ရှုရန်အတွက် အင်္ဂလိပ်ဘာသာ စာမျက်နှာသို့ ကျေးဇူးပြု၍ သွားပါ။
- English (English),
- አማርኛ (Amharic),
- العربية (Arabic),
- 简体中文 (Chinese),
- 繁體中文 (Chinese (Traditional)),
- فارسی (Farsi),
- Français (French),
- Italiano (Italian),
- 日本語 (Japanese),
- Ikinyarwanda (Kinyarwanda),
- 한국어 (Korean),
- Português (Portuguese, Brazil),
- Русский (Russian),
- Somali (Somali),
- Español (Spanish),
- Kiswahili (Swahili),
- Tagalog (Tagalog),
- ไทย (Thai),
- Türkçe (Turkish),
- Українська (Ukrainian),
- اردو (Urdu),
- Tiếng Việt (Vietnamese)
ကျန်းမာအောင်နေရန် ကျွန်ုပ်တို့အားလုံး ဘာလုပ်နိုင်သည်ကို လေ့လာပါ။ မိမိကိုယ်ကို နှင့် အခြားသူများကို ရောဂါကူးစက်ခြင်းမှ မည်သို့ကာကွယ်နိုင်သည်ကို လေ့လာပါ။ လမ်းညွှန်ချက်များ နှင့် ဘာပြုလုပ်ရမည်ကို သိရှိနားလည်အောင် လုပ်ပါ။.သင့်ပြည်နယ်၏စည်းမျဉ်းများကိုရှာပါ။
ဗိုင်းရပ်စ်သည် အလွန်ကူးစက်လွယ်သည် (ရရှိရန်လွယ်ကူသည်)။ လူတိုင်း ကူးစက်ခံရနိုင်မည့် အန္တရာယ်ရှိပြီး အခြားသူများကိုလည်း ကူးစက်စေနိုင်ပါသည်။
- ရောဂါပိုးရှိသူ နှာချေ သို့မဟုတ် ချောင်းဆိုးသောအခါ ၎င်းတို့သည် ဗိုင်းရပ်စ်ပိုးပါဝင်သည့် အရည်စက်ငယ်များ (စိုစွတ်သော အစက်ငယ်များ) ကို ထုတ်လွှတ်သည်။
- ယင်းအရည်စက်ငယ်များက အနီးအနားရှိ လူတစ်ဦး၏ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းတွင်း ကျရောက်သွားပြီး ၄င်းမှ တဆင့် အဆုတ်တွင်းသို့ ဝင်သွားနိုင်ပါသည်။ ဤသည်မှာ ဗိုင်းရပ်စ်ပျံ့နှံ့သည့် အဓိကနည်းလမ်း ဖြစ်သည်။
- အရည်စက်ငယ်များသည် အဝတ်အစား သို့မဟုတ် အခြားမျက်နှာပြင် ပေါ်သို့လည်း ကျရောက်နိုင်သည်။ အခြားသူတစ်ဦးက ၎င်းမျက်နှာပြင်ကို ထိတွေ့မိသည့်အခါ၊ ရောဂါကူးစက်ခံရနိုင်ပါသည်။
- ဗိုင်းရပ်စ်သည် ကျွန်ုပ်တို့ ရှူထုတ်လိုက်သော လေအတွင်းရှိ အရည်မှုန်လေးများ (အနုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည့် သေးငယ်သော အမှုန်များ) ထဲတွင် ရှိနိုင်သည်။ အခြားသူတစ်ဦးသည် ကူးစက်ခံရထားသူ တစ်ဦးထံမှ တဆင့် လေအတွင်းရှိ အရည်မှုန်လေးများကို ရှူသွင်းမိပြီး ဗိုင်းရပ်စ်ပိုး ရရှိနိုင်သည်။

ကိုဗစ်-၁၉ မှ လုံခြုံအောင်နေခြင်း နှင့်ပတ်သက်သည့် ဗီဒီယိုကို ကြည့်ရှုပါ
- ဤဗွီဒီယိုကို အာရဗီ၊ ရခိုင်၊ ဗမာ၊ အင်္ဂလိပ် ပြင်သစ်၊ ကရင်၊ ကရင်နီ၊ နီပေါ၊ ပတ်ရှ်တို၊ ရုရှား၊ ဆိုမာလီ၊ စပိန် နှင့် ဆွာဟီလီ ဘာသာစကားဖြင့် ကြည့်ပါ။ ဤဗွီဒီယိုများအတွက် Refugee Response အား ကျေးဇူးတင်ရှိပါသည်။
- ဗွီဒီယိုကို ဘော်စနီယန်၊ ဒင်ကာ၊ ကီရွန်ဒီ၊ မေးမေး ၊ ဗီယက်နမ် နှင့် အမေရိကန် လက်ဟန်ခြေဟန်ပြ ဘာသာစကားဖြင့် ကြည့်ရှုပါ။ ဤဗွီဒီယိုများအတွက် Vermont Multilingual Coronavirus Task Force အား ကျေးဇူးတင်ရှိပါသည်။
- ဗွီဒီယိုအား အမ်ဟာရစ်ခ် သို့မဟုတ် ဟိန္ဒူဘာသာစကားဖြင့် ကြည့်ပါ။ ဤဗွီဒီယိုများအတွက် Kentucky’s Office of Globalization အားကျေးဇူးတင်ရှိပါသည်။
- ဗွီဒီယိုအား ကွမ်တုံ/ရိုးရာတရုတ်၊ မန်ဒရင်း/ရိုးရှင်းသောတရုတ်ဘာသာစကား၊ သို့မဟုတ် တင်ဂရင်ညာဘာသာစကားဖြင့် ကြည့်ရှုပါ။ ဤဗွီဒီယိုများအတွက် Multnomah County အား ကျေးဇူးတင်ရှိပါသည်။
ကျန်းမာအောင် နေနည်း
မိမိကိုယ်ကို နှင့် အခြားသူများကို ကာကွယ်ရန် သင်လုပ်ပေးနိုင်သည့် အကောင်းဆုံးအရာနှစ်ခုမှာ လက်များ ဆေးကြောခြင်း နှင့် အခြားသူများနှင့် ခပ်ခွာခွာနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ကျန်းမာအောင်နေလျှင် အခြားသူများကို ကူညီနေခြင်းဖြစ်သည်။ ကျန်းမာအောင် မည်သို့နေထိုင်ရမည့်အကြောင်း အချက်အလက်တစ်ချို့ကို ဤနေရာတွင်ဖော်ပြထားသည်။
- သင့်လက်များကို ဆပ်ပြာ နှင့် ရေဖြင့် မကြာခဏ ဆေးကြောပေးပါ။
- အခြားသူများ ထိတွေ့ပြီးသော မျက်နှာပြင်များ သို့မဟုတ် အရာဝတ္ထုများကို ထိမိကိုင်တွယ်ပြီးသည့်အခါ လက်များကို ဆေးကြောပါ။
- အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆေးကြောပါ။
- လက်ဖမိုးများ နှင့် လက်သည်းကြားကိုလည်း ဆေးကြောပါ။
- ဆပ်ပြာ နှင့် ရေကို အသုံးမပြုနိုင်ပါက လက်သန့် ဆေးရည်ကို အသုံးပြုပါ။
- ဘာသာစကားအမျိုးမျိုးဖြင့် ဖော်ပြထားသည့် လက်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို ရှာဖွေပါ။
- သင့်အိမ်ထောင်စုအတွင်းရှိ တစ်ဦးဦးဖျားနာပါက သို့မဟုတ် ကိုဗစ်-၁၉ ပိုး တွေ့ရှိပါက အိမ်တွင်နေပြီး ကလေးငယ်များကို အိမ်တွင်းထားရှိပါ။
- အပြင်ထွက်ရန် မလိုအပ်ပါက၊ သင်နှင့်အတူ နေထိုင်ခြင်း မရှိသည့်သူနှင့် ၆ပေ (၂ မီတာ) အကွာတွင် နေခြင်းဖြင့် “ လူမှုရေးအရ ခပ်ခွာခွာနေခြင်း” ပြုပါ။ ကုန်စုံဆိုင်ထဲတွင် နှင့် လမ်းပေါ် လမ်းလျှောက်နေစဉ်တွင် ထိုသို့ပြုလုပ်ပါ။
- သူငယ်ချင်း သို့မဟုတ် အိမ်နီးနားချင်းများထံ သွားရောက်လည်ပတ်ခြင်းကို ရှောင်ကြဉ်ပါ။ လူထုစုဝေးခြင်းများမှ ရှောင်ရှားပြီး တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် ထိုထက်နည်းပြီး ဈေးဝယ်ရန် ကြိုးစားပါ။
- လုံးဝမလိုအပ်လျှင် ခရီးမထွက်ပါနှင့်။
- အများသုံးသယ်ယူပို့ဆောင်ရေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
- ရောဂါရရှိရန်အန္တရာယ်ပိုရှိသော အသက်ကြီးသူများ သို့မဟုတ် နေမကောင်းသူများထံ သွားရောက်လည်ပတ်ခြင်း မပြုပါနှင့်။
- လူမှုရေးအရ ခပ်ခွာခွာနေခြင်းဆိုင်ရာ အချက်အလက်များကို ဘာသာစကားအမျိုးမျိုးဖြင့် ရှာဖွေပါ။
သင့်နှာခေါင်း၊ ပါးစပ် နှင့် မျက်လုံးများသည် ခန္ဓာကိုယ်အတွင်းသို့ ဗိုင်းရပ်စ်ပိုး အများဆုံးဝင်ရောက်လေ့ရှိသည့် နေရာများဖြစ်သည်။ ရိုးရှင်းသော နည်းလမ်းတစ်ချို့ဖြင့် သင့်ကိုယ်ကို ကာကွယ်နိုင်ပါသည် –
- အိမ်အပြင်ထွက်လျှင် မျက်နှာကို မထိ၊ မကိုင်ပါနှင့်။
- အိမ်ပြင်ရှိ အရာဝတ္ထုများကို ကိုင်တွယ်မိပါက အိမ်ရောက်ပြီး လက်မဆေးပြီးခင်အချိန်ထိ မျက်နှာကိုမထိပါနှင့်။
- နှာချေ သို့မဟုတ် ချောင်းဆိုးသည့်အခါ ပါးစပ် နှင့် နှာခေါင်းကို ဖုံးအုပ်ရန် သင်၏လက်ကို အသုံးမပြုပါနှင့်။ တစ်သျှူးကို အသုံးပြုပြီး လွှင့်ပစ်ပါ။ အကယ်၍ သတစ်သျှူးမရှိပါက သင့်လက်အစား သင့်လက်မောင်းထဲ နှာချေ၊ ချောင်းဆိုးပါ။
- နှာခေါင်းစည်း တပ်ထားခြင်းက မျက်နှာမကိုင်မိစေရန် သတိပေးရာရောက်ပါသည်။
နှာခေါင်းစည်း တပ်ခြင်းက ဗိုင်းရပ်စ် ပြန့်ပွားခြင်းကို နှေးကွေးစေနိုင်ပါသည်။.
အကယ်၍ လူများသည် အများပြည်သူဆိုင်ရာနေရာများတွင်ရှိသည့်အခါ ၎င်းတို့ နှာခေါင်း နှင့် ပါးစပ်ကို မျက်နှားစည်းရန်ပဝါ ဒါမှမဟုတ် နှာခေါင်းစည်းဖြင့် အုပ်ထားပါက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးကွေးစေနိုင်သည်ဟု စီဒီစီက ပြောပါသည်။ အကြောင်းမှာ ဗိုင်းရပ်စ်ရှိသူတစ်ဦး နှာချေ သို့မဟုတ် ချောင်းဆိုးသည့်အခါ ဗိုင်းရပ်စ်ပိုးများ ပြန့်ပွားစေပြီး မျက်နှာဖုံးအကာသည် ရောဂါပိုးကူးစက်ခံထားရသည့် အရည်စက်များ ဝေးဝေးမသွားနိုင်အောင် ကူညီပေးသောကြောင့်ပင်ဖြစ်သည်။
နှာခေါင်းစည်းအမျိုးအစား အမျိုးမျိုးရှိပါသည်။.
ကိုရိုနာဗိုင်းရပ်စပ် အရေးပေါ်အခြေအနေတွင်း အများစု တပ်ဆင်ကြမည့် နှာခေါင်းစည်းများကို ချည်သား သို့မဟုတ် အခြားအမျှင် များဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့သည် ဆရာဝန်နှင့် သူနာပြုများ အသုံးပြုသည့် ဆေးဖက်ဆိုင်ရာသုံး နှာခေါင်းစည်းများ မဟုတ်ပါ။
နှာခေါင်းစည်းများကို ရှာဖွေဝယ်ယူရန် ခက်ခဲပါသည်။.
နှာခေါင်းစည်များကို မဝယ်ယူနိုင်ပါက သင်ကိုယ်တိုင် ပြုလုပ်နိုင်ပါသည်။ နှာခေါင်းစည်း မပြုလုပ်နိုင်ပါက၊ သင့်ပါးစပ် နှင့် နှာခေါင်းကို ဖုံးအုပ်ရန် အဝတ်စတစ်ခု အသုံးပြုနိုင်ပါသည်။
နှာခေါင်းစည်းတပ်ခြင်းက ကိုဗစ်-၁၉ ပိုး ကူးစက်ခံရခြင်းမှ ကာကွယ်မည်မဟုတ်ပါ။.
ခပ်ခွာခွာနေရန် လိုသေးပါသည်။ သို့သော် ကူးစက်ခံထားရသည်ကို မသိမီကပင် မျက်နှာဖုံးများက ဗိုင်းရပ်စ်ပိုး မကူးစက်စေရန် ကူညီပေး ပါသည်။ ၎င်းတို့က အခြားသူများနှင့် ဝေးဝေးနေရန်ခက်ခဲသည့် ကုန်စုံဆိုင်ကဲ့သို့သော နေရာများတွင် အထူးသဖြင့် အသုံးဝင်နိုင်ပါသည်။
ကိုဗစ်-၁၉ သည် ရောဂါလက္ခဏာမပြသူများထံမှလည်း ပြန့်ပွားနိုင်ပါသည်။.
အချို့သူများတွင် အချိန် နှစ်ပတ်ကျော်ကြာမှ လက္ခဏာပြပြီး အချို့တွင် မည်သည့်လက္ခဏာမျှ မပြသော်လည်း ဗိုင်းရပ်စ်ပိုးကို ပြန့်ပွား စေနိုင်ပါသည်။ နှာခေါင်းစည်းတပ်ခြင်းက ပိုးမွှားပမာဏကို လျှော့ချခြင်းဖြင့် ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ရပ်တန့်စေပါသည်။
နှာခေါင်းစည်းကို သန့်ရှင်းအောင်ထားပါ။.
ဖြစ်နိုင်လျှင် ဝတ်ဆင်ပြီးသည့်အခါတိုင်း နှာခေါင်းစည်းကို ဆေးကြောလျှော်ဖွတ်သင့်သည်။
မချွတ်နိုင်သောသူတစ်ဦးအား နှာခေါင်းစည်းမတပ်ပေးပါနှင့်။.
အသက် ၂ နှစ်အောက်ကလေးငယ်များ သို့မဟုတ် မိမိတို့ကိုယ်တိုင် နှာခေါင်းစည်းကိုမချွတ်နိုင်သည့်သူများကို နှာခေါင်းစည်း မတပ်ပေးသင့်ဟု စီဒီစီ (CDC) မှ ပြောကြားပါသည်။
- ဧည့်သည်များကို သင့်အိမ်သို့ မဖိတ်ပါနှင့်။ တစ်ယောက်ယောက် သင့်အိမ်တံခါးဆီလာလျှင် ၄င်းတို့နှင့် ၆ ပေအကွာ၌ နေပါ။
- မျက်နှာပြင်များကို မကြာခဏ ထိတွေ့ပါက မကြာခဏ သန့်ရှင်းစေပါ။
- ပိုးသတ်ဆေးများကို သုံးပါ။ သင့်တွင် ပိုးသတ်ဆေးမရှိပါက သင်ကိုယ်တိုင်ပြုလုပ်နိုင်သည်။ အစွန်းချွတ်ဆေး လက်ဖက်ရည်ဇွန်း ၄ ဇွန်း ကို ရေ ၁ ကွတ် (၁ လီတာ) နှင့် ရောမွှေပါ။
- သင့်အိမ်တွင် တစ်ယောက်ယောက် နေမကောင်းဖြစ်ပါက အခြားသူများနှင့် ခွဲထားပါ။ သူတို့ ထိထားသမျှကို သန့်ရှင်းရေး လုပ်ပါ။ နှာခေါင်းစည်းများကို ရယူရန် သို့မဟုတ် ပြုလုပ်ရန် ကြိုးစားပါ။
- သင်၏ အိမ်မွေးတိရစ္ဆာန်များကို အခြားလူများနှင့် ဝေးဝေးထားပါ။
- အရေးပေါ် ဆက်သွယ်ရေး စာရင်းတစ်ခု ပြုစုပါ။ သင်၏ ဒေသခံကျန်းမာရေးဌာန၊ သင်၏ ဆရာဝန် သို့မဟုတ် ကျန်းမာရေးစင်တာ၊ သင်၏ လုပ်ငန်း နှင့် သင့်ကလေး၏ ကျောင်းတို့ ပါဝင်သည်။ သင်ဖျားနာလျှင် ဆက်သွယ်ရမည့် အရေးကြီးသည့် လူမှုအသိုင်းအဝိုင်း၏ ထောက်ပံ့မှု သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများကို စာရင်းတွင် ထည့်ပါ။
CDC ၏အဆိုအရ “ သက်ကြီးရွယ်အိုလူကြီးများ နှင့် ပြင်းထန်သော ရောဂါအခံရှိထားသည့် အသက်အရွယ်မရွေး လူအားလုံးသည် COVID-19 ကြောင့် ပြင်းပြင်းထန်ထန်ဖျားနာမည့်အန္တရာယ် ပိုများနိုင်ပါသည်။”
ဒါက ဘာကို ဆိုလိုတာပါလဲ။ အောက်ပါတို့သည့် ဖျားနာနိုင်ချေ ပိုမိုမြင့်မားနိုင်သည့် အုပ်စုများဖြစ်ပါသည်−
- အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ
- ဘိုးဘွားရိပ်သာ သို့မဟုတ် ရေရှည် စောင့်ရှောက်မှုပေးသည့်နေရာတွင် နေထိုင်သောသူများ
- ကင်ဆာ၊ အဆုတ် သို့မဟုတ် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ နှင့် ဆီးချိုရောဂါ အပါအဝင် ရောဂါအမျိုးမျိုးရှိထားသူများ
- ကိုယ်ခံစွမ်းအား ချို့တဲ့ခြင်း သို့မဟုတ် အိပ်ချ်အိုင်ဗွီပိုး ရှိသူများ
- အဝလွန်သူများ
- ဆေးလိပ်သောက်သူများ
ဤအရာတွေထဲက တစ်ခုခုနှင့် သင်သက်ဆိုင်ပါသလား။ သင့်အတွက် အန္တရာယ်ပို များနိုင်ပါသည်။ တတ်နိုင်သမျှ အခြားလူများကို ရှောင်ကြဉ်ပါ။ ဥပမာအားဖြင့် အချို့ကုန်စုံစတိုးဆိုင်များတွင် အန္တရာယ်ပိုများသည့်လူများအတွက် အထူးစျေး၀ယ်ချိန်များ ရှိသည်။ အကယ်၍ လူများသည် သင့်အတွက် အစားအစာများကို ယူဆောင်လာပါက ၎င်းကိုတံခါး အပြင်ဘက်တွင် ထားခဲ့သင့်ပါသည်။
ဤသို့ သီးသန့်နေခြင်းသည် အလွန်ခက်ခဲနိုင်သည်။ ကျွန်တော်တို့အားလုံးသည် မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများကို ဤခက်ခဲသည့်အချိန်ကာလတွင် ပို၍ပင် မြင်တွေ့လိုကြပါသည်။ သို့သော် အဆက်အသွယ်မပြတ်စေရန် လောလောဆယ်မှာတော့ သင့်ဖုန်းကို အသုံးပြုခြင်းသည် သာ၍ ကောင်းပါသည်။
သူတို့က ကူညီချင်ကြသည့်အတွက် သူတို့ မြင်ခဲ့၊ ကြားခဲ့သည့် သတင်းအချက်အလက်များကို ကျွန်တော်တို့အား မကြာခဏ ပေးလေ့ရှိကြသည်။ ထိတ်လန့်တုန်လှုပ် နေချိန်တွင် သတင်းမှားများ သို့မဟုတ် ယုံတမ်းစကားများဟုလည်း လူသိများသော မမှန်ကန်သည့် သတင်းအချက်အလက်များသည် ဆိုရှယ်မီဒီယာမှ တဆင့် အလျင်အမြန်ပျံ့နှံ့နိုင်သည်။ ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သည့် အများလက်ခံထားသည့် ယုံတမ်းစကားများအကြောင်း ဗီဒီယိုကို ကြည့်ရှုပြီး သတင်းကောင်းများ နှင့် မည်သို့လုံခြုံစွာနေရမည်ကို လေ့လာပါ။
COVID-19 မှ ကာကွယ်ကုသခြင်းဆိုင်ရာ မှားယွင်းသောသတင်းအချက်အလက်များကို ပေးပို့ခြင်းသည် အန္တရာယ်ရှိပါသည်။ သင် အကြံဥာဏ်ပေးလိုပါက သင်၏ ဒေသခံကျန်းမာရေးဌာန သို့မဟုတ် CDC မှ လူများကိုသတင်းပို့ပါ။
ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေအစပိုင်းတွင် လူများသည် ကြောက်လန့်၍ ပစ္စည်းများစွာကို ဝယ်ယူထားရှိခဲ့ကြသည်။ စျေးဆိုင်များတွင် အခြေခံပစ္စည်းများ ကုန်သွားသည်။ ကျွန်ုပ်တို့ လိုအပ်သည်ထက် ပိုမယူရန် အရေးကြီးသော်လည်း ကြိုတင် ပြင်ဆင်ထားခြင်းက ကောင်းပါသည်။ ဖြစ်နိုင်လျှင် သင့်တွင် နှစ်ပတ်ကြာခံမည့် အိမ်တွင်းပစ္စည်းများ နှင့် အစားအသောက်များ လုံလုံလောက်လောက်ထားပါ။ ထိုအခါ သင်နေမကောင်းပါက သို့မဟုတ် စတိုးဆိုင်များပိတ်ထားပါက သင်အဆင်သင့် ဖြစ်နေလိမ့်မည်။
သင် ဝယ်သင့်သည့် အရာတချို့ရှိပါသည်−
- ပဲခြောက်များ၊ ပဲနီလေးများ၊ ခေါက်ဆွဲခြောက်များ နှင့် အစေ့များ
- စည်သွတ်သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ နှင့် ပဲများ
- ပေါင်မုန့် (လတ်ဆတ်အောင်ထားရန် ပေါင်မုန့်ကို ရေခဲသေတ္တာတွင် ခဲထားနိုင်သည်)
- ရေခဲရိုက်ထားသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ
ဤအစားအစာများအားလုံးသည် အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်လိမ့်မည်။
မိမိကိုယ်ကို နှင့် မိမိခံစားချက်များကို ဂရုစိုက်ပါ
ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုက်ကာလသည် လူတိုင်းကို ထိခိုက်စေပါသည်။ လူအများစု ကြောက်လန့်ကြပြီး အထီးကျန်သည်ဟု ခံစားကြ ရသည်။ အကယ်၍ သင်သည် အမေရိကန်နိုင်ငံတွင် လူသစ်ဖြစ်နေလျှင် ပို၍ခက်ခဲသည်။ ကွဲပြားခြားနားသည့် ဘာသာစကားကို သင်ယူပြီး ကွဲပြားခြားနားသည့် ယဉ်ကျေးမှုကို နားလည်ရပါမည်။ သင်၏မိသားစုနှင့် ဝေးကွာနေနိုင်သည်။ ဒုက္ခသည်များ၊ ရွှေ့ပြောင်း နေထိုင်သူများ နှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများသည် သူတို့၏ အတွေ့အကြုံများကြောင့်လည်း ကြံ့ခိုင်သန်စွမ်းမှု ရှိကြသည်။ သင်၏ ရင်းနှီးသည့် ဆက်ဆံရေးသည် သင့်အား ထောက်မကာ ခွန်အားပေးနိုင်ပါသည်။ သင်၏ ဝိညာဉ်ရေးရာ သို့မဟုတ် သင်ဂရုစိုက်သည့် အခြားအရာများသည်လည်း သင့်ကို ဆက်လက်အားရှိစေနိုင်ပါသည်။
၁။ အပြုသဘောဆောင်နေပါ
စိုးရိမ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းကို ခံစားရခြင်းသည် သဘာဝကျပါသော်လည်း အကောင်းမြင်ရန် ကြိုးစားပါ။ သင်သည် စိန်ခေါ်မှုများစွာကို ကျော်လွှားပြီး အနာဂတ်တွင် တွေ့ကြုံနိုင်သည့် ခက်ခဲသောအချိန်မျိုးကို ဖြတ်သန်းကျော်လွှားနိုင်မည်ဆိုသည်ကို ကိုယ့်ကိုယ်ကို သတိပေးပါ။ သတင်း နှင့် သင့်အသိုင်းအဝိုင်းတွင် ဖြစ်ပျက်နေသည့်အရာများထဲမှ အပြုသဘောဆောင်သည့်အရာများကို ရှာဖွေပါ။
၂။ သတင်းဆိုးများကို များများမဖတ်ပါနှင့် သို့မဟုတ် များများမကြည့်ပါနှင့်
တစ်နေ့လျှင် မိနစ် ၂၀ ခန့် သတင်းကို ကန့်သတ်ကြည့်ရှုပါ။ ဤအရာသည် သင့်အားဖိစီးမှု သို့မဟုတ် ကြောက်လန့်မှုများ မခံစားရစေဘဲ သင့်အား မည်ကဲ့သို့လုံခြုံစွာ နေထိုင်ရမည်နှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို အသိပေးရန်ဖြစ်သည်။
၃။ လေ့ကျင့်ခန်းလုပ်ပါ
သင်၏ နယ်မြေဒေသတွင် လုံခြုံမှုရှိပါက အမြန်လမ်းလျှောက်ရန် သွားနိုင်ပါသည်။ အလုပ်လုပ်ရန် သင့်တွင် ဥယျာဉ်တစ်ခု ရှိကောင်း ရှိနိုင်ပါသည်။ အိမ်အတွင်းတွင် လေ့ကျင့်ခန်းလုပ်ရန် YouTube ပေါ်တွင် အခမဲ့ လေ့ကျင့်ခန်းဗီဒီယို ကို ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်း သည် သင်၏ ခန္ဓာကိုယ် နှင့် သင်၏ စိတ်ကို အပြုသဘောဆောင်သည့်စွမ်းအင် တိုးပွားစေပါသည်။
၄။ အိပ်ရေးဝအောင် အိပ်ပါ
အိပ်စက်ခြင်းကို သင့်ဘဝ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်ပါက သင်ပိုမိုကျန်းမာလာမည်။ ကျွန်ုပ်တို့ အများစုသည် စိုးရိမ်ပူပန်သောအခါ အိပ်စက်ရန်ခက်ခဲကြသည်။ အခြားသူများကမူ အလွန်အမင်းအိပ်စက်နိုင်သည်။ တစ်ညတွင် ၇-၈ နာရီအတွင်း အိပ်ရန် အချိန်ဇယားသတ်မှတ်ပါ။ အိပ်စက်ခြင်းက သင့်စိတ်အခြေအနေ၊ အတွေးအခေါ် နှင့် စိတ်ရှည်မှုကို တိုးတက်ကောင်းမွန်စေသည်။
၅။ အဆက်အသွယ် ထားရှိပါ
သင်၏ သူငယ်ချင်းမိတ်ဆွေများ နှင့် မိသားစုကို chat app၊ ဗီဒီယို၊ ဖုန်း သို့မဟုတ် လူမှုမီဒီယာများဖြင့် စကားပြောနိုင်ပါသည်။ သင် မည်သို့ ခံစားနေကြောင်း သူတို့ကို ပြောပြပြီး သူတို့ခံစားနေပုံကို နားထောင်ပေးပါ။ သင် စိတ်ဝင်စားသော အရာများကို ပြောဆိုကြပါ။ အနာဂတ်အတွက် အစီအစဉ်ရေးဆွဲပါ။ သင်၏ စိတ် နှင့် ခန္ဓာကိုယ်ကို ကျန်းမာစေရန် သင်လိုအပ်သည့် အထောက်အပံ့ နှင့် အရင်းအမြစ်များကို ရှာဖွေပါ။
သင် သို့မဟုတ် သင့်အသိတစ်ဦးဦးသည် အိမ်တွင် စိတ်သောကရောက်နေသလား သို့မဟုတ် ကြောက်ရွံ့နေပါသလား။
သင် သို့မဟုတ် သင်ဂရုစိုက်ရသူ တစ်ဦးဦးသည် ၀မ်းနည်းမှု၊ စိတ်ဓာတ်ကျမှု (သို့) စိုးရိမ်ပူပန်မှုတို့ဖြင့် လွှမ်းမိုးခံစားနေရပါက၊ သို့မဟုတ် မိမိကိုယ်ကို (သို့) အခြားသူများကို အန္တရာယ်ပြုလိုသည်ဟု ခံစားမိပါက ချက်ချင်းအကူအညီ တောင်းခံသင့်သည်ဟု CDC က ဆိုပါသည်−
- သင် ချက်ချင်းအရေးပေါ် အကူအညီ လိုအပ်ပါက ၉၁၁ (911) သို့ ခေါ်ဆိုပါ
- သဘာဝဘေးအန္တရာယ် သောက အကူအညီဖုန်းလိုင်း (Disaster Distress Helpline) သို့ ကြည့်ပါ သို့မဟုတ် 1-800-985-5990 နှင့် TTY 1-800-846-8517 သို့ ဆက်သွယ်ပါ သို့မဟုတ် 66746 သို့ TalkWithUs လို့ စာပို့ဆက်သွယ်ပါ
အိမ်တွင်း အကြမ်းဖက်မှု
အိမ်တွင်းအကြမ်းဖက်မှုသည် အိမ်ထောင်ဖက် သို့်မဟုတ် မိသားစုဝင်တစ်ဦးက နေအိမ်တွင် ကျူးလွန်ခြင်းဖြစ်သည်။ မိသားစုများ အိမ်တွင်အနေများလာသည့်အတွက် ဤအကြမ်းဖက်မှုသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် ပိုအဖြစ်များလာသည်။ အကြမ်းဖက်မှုအများစုသည် ဇနီးသည်များနင့် အိမ်ထောင်ဖက်တို့အပေါ်ကျူးလွန်ခြင်းဖြစ်သည်။ သို့သော် ကလေးများသည် ဤအကြမ်းဖက်မှုကို မကြာခဏ မြင်တွေ့ရပြီး အကြမ်းဖက်ခံများလည်း ဖြစ်နိုင်ပါသည်။
သင်နှင့်အတူနေထိုင်သောသူကိုကြောက်ပါသလား။
အကူအညီရရန်ဝေးရန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော်လူတိုင်းအိမ်တွင်အတူနေကြသောကြောင့်။ သို့သော်သင့်အားကူညီရန်ဝန်ဆောင်မှုများရှိသည် –
- နိုင်ငံတွင်း အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ဖုန်းလိုင်း ကို သွားရောက်ပါ သို့မဟုတ် 1-800-799-7233 နင့် TTY 1-800-787-3224 ကိုခေါ်ဆိုပါ
- 741741 သို့ အရေးပေါ်စာတိုလိုင်းကိုရေးပို့ပါ
- သင့်၏အသက်နင့် သင့်မိသားစုဝင်တစ်ဦး၏အသက်အတွက် စိုးရိမ်ရလျှင် ၉၁၁ ကို ဆက်သွယ်ပါ
ဤအချက်အလက်သည် ရောဂါထိန်းချုပ်ရေးစင်တာများ (Centers for Disease Control) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) စသည့် ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ ဖြစ်ကြသည်။ USAHello သည် ဥပဒေရေးရာ အကြံဥာဏ်များ သို့မဟုတ် ဆေးကုသမှုဆိုင်ရာ အကြံဥာဏ်များကို ပေးအပ်ခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့၏ အထောက်အကူပစ္စည်းများကို ဥပဒေရေးရာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်အဖြစ် ယူရန်ရည်ရွယ်ခြင်းမရှိပါ။ ကျွန်ုပ်တို့၏ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အမေရိကန် ပြည်သူ့ကျန်းမာရေးပညာရှင် နှင့် ရောဂါဗေဒပညာရှင်လည်းဖြစ် USAHello ဘုတ်အဖွဲ့ဝင်လည်းဖြစ်သည့် Tej Mishra, က ပြန်လည်စစ်ဆေးသုံးသပ် ထားပါသည်။